
ဟူစတန်မြို့မှာ မြန်မာနွယ်ဖွားတစ်ဦးကို သေဆုံးတဲ့အထိ ထိုးခဲ့တဲ့ အမေရိကန် ဆယ်ကျော်သက်ကို ရဲဖမ်း

အမေရိကန်ပြည်ထောင်စု၊ ဟူစတန်မြို့မှာ အသက် ၃၉ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးကို ဒဏ်ရာတွေနဲ့ သေဆုံးတဲ့အထိ ထိုးခဲ့သူ အမေရိကန်ဆယ်ကျော်သက်အမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီလို့ အမေရိကန် သတင်းတွေမှာဖော်ပြပါတယ်။
ထိုးနှက်ခံရလို့ သေဆုံးခဲ့သူအမျိုးသားဟာ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရမ်ထလိုရွာကနေ အမေရိကန်မှာ ရွှေ့ပြောင်းနေထိုင်တဲ့ ကိုရဲမြင့်အောင် ဆိုသူဖြစ်ပါတယ်။
စီစီတီဗီရုပ်သံတစ်ခုမှာတော့ ဓာတ်ဆီဆိုင်တစ်ဆိုင်ထဲ လူငယ်တစ်ဦးရဲ့ ထိုးကြိတ်တာကို ခံရတဲ့ ကိုရဲမြင်အောင်ကို အချက် ၂၀ လောက် ထိုးနှက်ခံရပြီးတဲ့နောက် လဲကျသွားတာတွေ့ရပါတယ်။
အဲဒီလို ထိုးနှက်ခံရတဲ့ဒဏ်ရာတွေနဲ့ အရေးပေါ် အကူအညီတောင်းခံပြီး နာရီအတော်ကြာမှာ ကိုရဲမြင့်အောင်သေဆုံးခဲ့ပြီး ဇွန်လ ၆ ရက်မှာ သူ့စျာပနကို ပြုလုပ်ခဲ့ပါတယ်။
အခုတော့ ဒီဖြစ်ရပ်ဖြစ်ပြီး သီတင်း နှစ်ပတ်ကျော်ကြာမှာပဲ ထိုးနှက်သူ လူငယ်ကို ရဲက ဖမ်းဆီးလိုက်ပြီဖြစ်ပါတယ်။
ရဲကဖမ်းဆီးထားသူ လူငယ်ဟာ အသက် ၁၇ နှစ်အရွယ် လန်ဆယ်လို မာတီနက်ဇ် ဆိုသူ ဖြစ်ပါတယ်။
အဲဒီလူငယ်ဟာ သူ့ကားစက်ဖုံးပေါ်ကို ကိုရဲမြင့်အောင်က ဘီယာပုလင်းတင်ခဲ့တယ်လို့ မှားယွင်းပြီး ထိုးကြိတ်ခဲ့တာလို့ ကနဦး သိရတဲ့အကြောင်း အမေရိကန် မီဒီယာတွေက သတင်းဖော်ပြပါတယ်။
အခုတော့ ဒီလူငယ်ဟာ သူ့အမှုအတွက် ရုံးချိန်းကို စောင့်နေပါတယ်။
Leave a Reply