Five killed, including a child and a teacher, in an aerial bomb attack on a school house in the Mon-Karen border

မွန်-ကရင် အစပ် စာသင်ဝိုင်းနေအိမ်ပေါ် လေကြောင်းဗုံးကျလို့ ကလေးနဲ့ ဆရာမ အပါ ၅ ဦးသေဆုံး

မွန်နဲ့ ကရင်ပြည်နယ်အစပ်၊ ကော့ကရိတ်မြို့နယ်ထဲမှာ ဇွန် ၉ ရက် နေ့လယ်ပိုင်းက စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ပိုင်ရပ်ရွာက ကလေးငယ်တွေ စာစုသင်နေတဲ့ နေအိမ်ပေါ် ဗုံးကျပြီး ကလေးငယ် ၃ ဦး၊ ဆရာမ ၁ ဦးနဲ့ အမျိုးသား ၁ ဦးတို့ သေဆုံးခဲ့ပါတယ်။

မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI ကတော့ ပိုင်ရပ်ရွာကို စစ်တပ်ကကြဲချခဲ့တဲ့ ဗုံးဟာ နိုင်ငံတကာက ပိတ်ပင်ကန့်သတ်ထားတဲ့ ကလပ်စတာဗုံးအမျိုးအစားဖြစ်တယ်လို့ သူတို့လေ့လာချက်ကို ကိုးကားပြီး ထုတ်ပြန်လာပါတယ်။

ဒါအပြင် ဗုံးကြဲခံခဲ့ရတဲ့ နေရာတဝိုက်မှာ ကျန်ခဲ့တဲ့ ဗုံးခွံတွေကိုကြည့်ရှုချက်အရ စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ၂၁ ထုတ် MAB 26 C 6 Cluster Bomb အမျိူးအစားဖြစ်တယ်လို့ ပြောပါတယ်။

ပိုင်ရပ်ရွာက မြေပြင်သတင်းအရင်းအမြစ်ရဲ့ ဘီဘီစီကို ပြောကြားချက်အရ သေဆုံးသူ ၅ ဦးအပြင် နောက်ထပ် အမျိုးသမီး ၁ ဦးနဲ့ ကလေး ၆ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။

“စာသင်တဲ့ဆရာမက ဆေးရုံသွားတဲ့လမ်းမှာဆုံးတယ်။ ကလေးတွေက နှစ်တန်း၊သုံးတန်း အရွယ်လေး တွေ ဆုံးသွားတာ” လို့ မြေပြင်သတင်းအရင်းအမြစ်က ဘီဘီစီကိုပြောပါတယ်။

ဘီဘီစီကို ပေးပို့တဲ့စာရင်းအရ သေဆုံးတဲ့ကလေးတွေဟာ အသက် ၇နှစ် ၂ ဦးနဲ့ အသက် ၈ နှစ်အရွယ် ၁ ဦးဖြစ်ပါတယ်။

ဒီရွာဟာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အပိုင်ထဲမှာရှိပေမဲ့ တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ မနီးဘူးလို့ သတင်းရင်းမြစ်ကပြောပါတယ်။

စစ်ကောင်စီက ပိုင်ရပ်ရွာ လေကြောင်းတိုက်ခိုက်တာနဲ့ပတ်သက်လို့ ထုတ်ပြန်တာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ တစ်ပတ်ကလည်း စစ်တပ်ဟာ ကော့ကရိတ်မြို့နယ်၊ ကွီးလယ်ဆူရွာက အလယ်တန်းကျောင်းကို စစ်ကောင်စီလေကြောင်းတိုက်ခဲ့တာကြောင့် ကျောင်းသား ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*